ကိုယ့်ထူးကိုယ်ချွန်မီလျံနာတွေက မျှဝေထားတဲ့ ဒေါ်လာ(၁၀၀) ကို အရင်းပြုပြီး ငွေရှာနည်း

ၤလူတွေအနေနဲ့ ဒေါ်လာ(၁၀၀) မြန်မာငွေအားဖြင့် ကျပ်(၁) သိန်းခွဲလောက်ကို စုဆောင်းဖို့ဟာ မခက်ခဲလှပါဘူး။ ဒါပေမယ့် ငွေတစ်သိန်းခွဲလောက်ကနေ အစပြုပြီး ငွေတွေ သန်းနဲ့ချီတိုးပွားလာအောင် ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အောက်ဘက်မှာတော့ cnbc မှာ တွေ့ရှိရတဲ့ ကိုယ့်ထူးကိုယ်ချွန်မီလျံနာတွေက ဝေမျှထားတဲ့ ဒေါ်လာ(၁၀၀) မှ အစပြုပြီး သန်းကြွယ်သူဌေးဖြစ်အောင် ကြိုးစားနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ပိုင် brand တစ်ခုကို ထူထောင်ပါ

ယနေ့ခေတ် ဆိုရှယ်မီဒီယာပေါ်မှာ influencer တစ်ယောက်လုပ်တာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ပြုလုပ်တာပဲဖြစ်ဖြစ် ကိုယ်ပိုင် brand တစ်ခုကိုထူထောင်ပြီး ဝင်ငွေသန်းနဲ့ချီ ရှာဖွေနိုင်နေပါပြီ။ အွန်လိုင်းမှာတော့ brand နာမည်တံဆိပ်တွေက အများကြီးဖြစ်တာမို့ customer ရဲ့ ယုံကြည်မှုကို အရင်တည်ဆောက်ဖို့လိုပါတယ်။ Customer ရဲ့ ယုံကြည်မှုရပြီးမှလည်း နောက်ဆက်တွဲအမြတ်အစွန်းက တဖြည်းဖြည်းရရှိလာမှာ ဖြစ်ပါတယ်။ ကိုယ့် brand က စိတ်ချရတယ်၊ အရည်အသွေးလည်းကောင်းတယ်ဆိုရင် customer တွေက ကိုယ့်နောက်ကိုတောင် လိုက်လာကြဦးမှာပါ။

ငွေများများရနိုင်မယ့် စွမ်းရည်တစ်ခုကို သင်ယူပါ

စီးပွားရေးစလုပ်ဖို့ ငွေမရှိဘူးဆိုရင်လည်း စီးပွားရေးစလုပ်ပါနဲ့။ ဒီအစား ရှိတဲ့ငွေနဲ့ လေ့လာစရာစာအုပ်တွေ ဝယ်ဖတ်ပါ။ ကိုယ်လိုချင်တဲ့စွမ်းရည်ရဖို့ ဘာတွေဆက်လုပ်ရမလဲဆိုတာ လေ့လာပါ။ ဥပမာဆိုရင် အွန်လိုင်းပေါ်မှာ စာရေးသားတာ၊ မာကတ်တင်းနဲ့ အရောင်းပိုင်းလုပ်ငန်း စတာတွေဟာ ခေတ်စားနေတာမို့ အချိန်နည်းနည်းပေးပြီးသာ လေ့လာလိုက်ရင် မကျွမ်းကျင်သေးတဲ့အခါမှာတော့ အချိန်ပိုင်းလုပ်၊ အလုပ်သင်အဖြစ်လုပ်ကိုင်ရင်း တဖြည်းဖြည်းနဲ့ အချိန်ပြည့်လုပ်နိုင်လာအောင် ကြိုးစားယူလို့ရပါတယ်။

ကိုယ်နှစ်သက်တဲ့အရာမှာ ရင်းနှီးမြှုပ်နှံပါ

ချမ်းသာကြွယ်ဝဖို့ဟာ ခက်ပါတယ်။ ကြိုးကြိုးစားစားနဲ့ ငွေစုဖို့လိုတဲ့အပြင် ရှိတဲ့ငွေကိုလည်း အကျိုးရှိမယ့်နေရာမှာ ရင်းနှီးမြှုပ်နှံတတ်ရပါတယ်။ ကိုယ့်မှာရှိတဲ့ ငွေနည်းနည်းကို ယုံကြည်စိတ်ချရတဲ့ လူ၊ အမျှော်အမြင်ရှိသူတွေနဲ့ ပူးပေါင်းပြီး သူတို့ရဲ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသင့်ပါတယ်။ ဒီနေရာမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်တာဟာ ငွေသားသက်သက်တင်မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာပါ ရင်းနှီးမြှုပ်နှံတာမျိုးပါ ပြုလုပ်နိုင်ရပါတယ်။ ဥပမာ ကိုယ်ကျွမ်းကျင်တဲ့အရာ၊ ကိုယ်စိတ်ပါဝင်စားတဲ့ လုပ်ငန်းပေါ်မှာ စိတ်အားထက်သန်စွာနဲ့ ရင်းနှီးမြှုပ်နှံသင့်ပါတယ်။

ကိုယ့်ကိုကိုယ်မှာ ရင်းနှီးမြှုပ်နှံပါ

အချိန်ကောင်းမကျသေးလို့၊ ချမ်းသာဖို့အခွင့်အလမ်းမပေါ်သေးလို့ဆိုပြီး ချမ်းသာမယ့်အချိန်ကို ထိုင်စောင့်နေသူတွေ ရှိကြပါတယ်။ ဒါပေမယ့် တကယ် ကြီးပွားချမ်းသာချင်တယ်ဆိုရင်တော့ အဲ့ဒီငွေနဲ့ သင်တန်းတစ်ခုခုတက်တာ၊ ဒါမှမဟုတ် ကိုယ်တတ်မြောက်ချင်တဲ့ ဘာသာရပ်ဆိုင်ရာ စာအုပ်တွေ ဝယ်ပြီး ကိုယ်မသိသေးတဲ့အရာ၊ ထပ်ဖြည့်ဖို့လိုအပ်နေသေးတဲ့ အရာတွေကို လေ့လာသင့်ပါတယ်။ ဥပမာ ဘာသာစကားလိုမျိုး စွမ်းရည်အသစ်တွေ လေ့လာသင်ယူတာ၊ ဗဟုသုတတွေ တိုးပွားအောင် စာများများဖတ်ပြီး မိမိကိုယ်မှာလည်း ရင်းနှီးမြှုပ်နှံနိုင်ပါသေးတယ်။ အချိန်ကာလတစ်ခုရောက်တဲ့အခါမှာတော့ ကိုယ်ဆည်းပူးလေ့လာခဲ့တဲ့ ပညာရပ်တွေက ကိုယ့်ကိုတန်ပြန်ကျေးဇူးပြုကြမှာပါ။

လင်းလင်း (ShweMom)