ကြိုတင်ပြင်ဆင်ပြီး လုပ်တတ်သူတွေသာရမယ့် ကောင်းကွက်လေးတွေ

သင်က အလုပ်တစ်ခုလုပ်ရင် ကြိုတင်ပြင်ဆင်ပြီးမှ လုပ်တတ်တဲ့သူလား။ ဒါမှမဟုတ် ကိုယ်လုပ်ရမယ့်အချိန်နား နီးလာတော့မှ အသည်းအသန်တွေ ထပြီး လုပ်တတ်တဲ့သူလား။ အဲဒီ လူ နှစ်မျိုးကြားက ခြားနားချက်က တော်တော်လေး ကြီးမားတယ်လို့ ဆိုရပါမယ်။ ကြိုတင်ပြင်ဆင်ပြီး လုပ်တတ်တဲ့သူတွေက များသောအားဖြင့် ရလဒ်ကောင်းတွေ ပိုင်ဆိုင်လေ့ရှိကြပြီး ဘာမှ ပြင်ဆင်မထားပဲ ရုတ်တရက် လုပ်တတ်သူတွေကတော့ မျှော်လင့်မထားတဲ့ရလဒ်မျိုးတွေလည်း ဖြစ်သွားတတ်ကြတယ်။ ကဲ….ကြိုတင်ပြင်ဆင်ပြီး အလုပ်လုပ်တတ်သူတွေက ဘယ်လိုကောင်းကျိုးတွေကို ရတတ်တယ်တဲ့လဲ။ ဖတ်ကြည့်ရအောင်…။

(၁)။ မျှော်မှန်းထားတဲ့ ရလဒ်အတိုင်းဖြစ်လာတယ်

ဘာအလုပ်ကိုပဲလုပ်လုပ် ကြိုတင်အစီအစဉ်ဆွဲပြီး လုပ်တတ်သူတွေက သူတို့မျှော်မှန်းထားတဲ့ရလဒ်အတိုင်း ရတတ်ကြတာပါ။ သူတို့က ဖြစ်လာမယ့်အကျိုးဆက်တွေ၊ ရင်ဆိုင်ရနိုင်တဲ့ ပြဿနာတွေကို ကြိုတင်စဉ်းစားထားပြီးသားမို့ အဲဒီလို အခြေအနေတွေနဲ့ ကြုံလာရတဲ့အခါ အောင်အောင်မြင်မြင် ကျော်ဖြတ်သွားနိုင်ကြတယ်။

(၂)။ စိတ်ချမ်းသာရမယ်

ကြိုတင်ပြင်ဆင်ပြီး လုပ်တတ်သူအများစုဟာ သူတို့မျှော်လင့်ထားတဲ့အတိုင်းဖြစ်အောင် လုပ်နိုင်ကြတာမို့ သူများတွေထက်ပိုပြီး စိတ်ချမ်းသာမှုကို ခံစားကြရပါတယ်။ သူတို့က မလိုအပ်ပဲ စွန့်စားရတာကို ကြိုက်တဲ့သူတွေမဟုတ်ဘူး။ သူတို့ရဲ့ တွက်ချက်မှုတွေ၊ စီစဉ်ထားမှုတွေအတိုင်း ဖြစ်လာပြီဆိုရင် “ငါ ဒီလိုလုပ်နိုင်ခဲ့တာပဲ” ဆိုတဲ့အတွေးမျိုးနဲ့ ပိုလို့တောင် စိတ်ကျေနပ်မှုကို ရကြပါသေးတယ်။

(၃)။ ငွေအပိုမကုန်တော့ဘူး

လုပ်စရာရှိတာကို အနီးကပ်မှ လုပ်တတ်သူတွေက ကိုယ်မျှော်လင့်ထားတဲ့အတိုင်းမဖြစ်ရင် ပိုက်ဆံအပိုကုန်တာတွေ၊ အချိန်နောက်ကျတာတွေ၊ အဆင်မပြေတာတွေ ဖြစ်တတ်ပေမယ့် ကြိုတင်ပြင်ဆင်ထားသူတွေကတော့ အဲဒီလို ငွေအပိုကုန်တာတွေကို ရှောင်ရှားနိုင်ကြပါတယ်။ ခရီးတစ်ခုသွားဖို့ ကားဂိတ်ကို မနက်စောစောသွားရမယ်ဆိုရင်၊ မနက်ပိုင်းရှိမယ့်ကားတွေကို လေ့လာထားတာ၊ ကားလက်မှတ်ကို ကြိုဖြတ်ထားတာ၊ မနက်အိပ်ယာထရင် အဆင်သင့်ဖြစ်နေဖို့အတွက် ကြိုတင်ပြင်ဆင်ထားတာ စတာတွေကို ကြိုပြင်ထားမယ်ဆိုရင် အဆင်ပြေပြေလေး ကားဂိတ်ကိုရောက်သွားမှာပါ။ ဒါပေမယ့် ဘာမှကြိုမပြင်ထားသူတွေအတွက်တော့ မနက်အိပ်ယာထတော့မှ ကားဂိတ်ကို အလောတကြီးနဲ့ပြေး၊ ကားလက်မှတ်က မရ၊ အရေးကြီးတာတွေက အိမ်မှာမေ့ကျန်ခဲ့၊ တက္ကစီခတွေက ထပ်ကုန်နဲ့ အချိန်ကုန် လူပန်း ဖြစ်သွားတတ်ပါတယ်။

(၄)။ တခြားသူတွေရဲ့လေးစားမှုကိုရမယ်

လူအများစုက သူတို့ကိုယ်တိုင်သာ ကြိုတင်ပြင်ဆင်မှုတွေ မရှိချင် မရှိမယ်၊ သူတို့ရဲ့မျက်စိရှေ့မှာ ဘာပဲလုပ်လုပ် ကြိုတင်ပြင်ဆင်ပြီး လုပ်တဲ့လူတစ်ယောက်ကို တွေ့ရင်တော့ လေးစားတတ်ကြတယ်။ သူတို့စိတ်ထဲမှာ အဲဒီလိုလူဟာ တိကျပြတ်သားတဲ့သူ၊ ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်နိုင်မယ့်သူလို့ ထင်ကြတာပါ။ ဒီတော့ ဘယ်လိုအသေးအမွှားကိစ္စလေးပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ပြီးလုပ်တာက အကောင်းဆုံးပဲဖြစ်ပြီး လူတိုင်းရဲ့လေးစားမှုကို ရယူဖို့ ကြိုးစားလိုက်ပါ။

Credit to Shwemom