ငှက်ပျောခွံတွေကို လွှင့်မပစ်ပဲ ဒီလိုနေရာတွေမှာ အကျိုးရှိရှိ အသုံးချလို့ ရပါတယ် ……

ငှက်ပျောသီးဆိုတာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲမြင်တွေ့နေရတဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ ဈေးထဲမှာ ဖြစ်ဖြစ်၊ လမ်းဘေးတစ်နေရာမှာပဲ ဖြစ်ဖြစ် ငှက်ပျောသီးတွေကို အလွယ်တကူမြင်တွေ့နေရပြီး ၁၂ ရာသီလုံး အလွယ်တကူ စားသုံးနိုင်တဲ့ အသီးလည်း ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ ဒီအတိုင်း စားသုံးလို့ ရတဲ့ အသီးတစ်မျိုးလည်းဖြစ်ပြီး ငှက်ပျောသီးကို အကြော်အလှော်တွေ ပြုလုပ်တဲ့နေရာမှာလည်း အသုံးပြုကြပါသေးတယ်။

ကျနော်တို့ဟာ ငှက်ပျောသီးစားပြီးတာနဲ့ ငှက်ပျောခွံကို အလွယ်တကူပဲ လွှင့်ပစ်လေ့ရှိကြပါတယ်။ တကယ်တော့ ငှက်ပျောခွံဟာ အမှိုက်တစ်ခု မဟုတ်ပါဘူး။ ငှက်ပျောခွံနဲ့ ပြုလုပ်နိုင်တဲ့ အရာတွေများစွာ ရှိပါတယ်။ ငှက်ပျောခွံနဲ့ ဘာတွေလုပ်နိုင်မလဲ၊ သူ့မှာ ဘယ်လို အစွမ်းတွေရှိသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(၁) အပင်စိုက်တဲ့နေရာမှာ သုံးလို့ရတယ်

ငှက်ပျောခွံတွေဟာ အချိန်ကြာမြင့်လာတဲ့အခါမှာ အကောင်းဆုံးမြေသြဇာတစ်မျိုးအဖြစ် ပြောင်းလဲသွားပါတယ်တဲ့။ ငှက်ပျောခွံတွေကို စုထားပြီး အပိုင်းပိုင်းဖြတ်ပြီး အပင်စိုက်တဲ့နေရာမှာ အသုံးပြုလို့ရပါတယ်။ ငှက်ပျောခွံတွေဟာ အကောင်းဆုံးသဘာဝဓာတ်မြေသြဇာတစ်မျိုးလည်း ဖြစ်ပါတယ်။

(၂) မြေဆွေးလက်ဖက်ရည်

မြေဆွေးလက်ဖက်ရည်ဆိုလို့ ကျနော်တို့ လူတွေအတွက် သောက်လို့ရတဲ့ လက်ဖက်ရည်တော့မဟုတ်ပါဘူး။ မြေဆွေးတွေရဲ့ သဘာဝအစွမ်းသတ္တိကို ပိုမိုအားကောင်းဖို့အတွက် လောင်းပေးရတဲ့ ဓာတ်ရေတစ်မျိုးလည်း ဖြစ်ပါတယ်။ အပင်တွေ စိုက်တဲ့သူ၊ ဥယျာဉ်ခြံမြေရှိတဲ့သူတွေအတွက် ငှက်ပျောခွံဟာ အကောင်းဆုံးအရာတစ်ခုပါပဲ။ ငှက်ပျောခွံကို တစ်ပတ်လောက် ရေစိမ်ထားပါက မြေဆွေးတွေအတွက် အကောင်းဆုံး အားဖြည့်ရေတစ်မျိုးကို ရရှိမှာပဲဖြစ်ပါတယ်။

(၃) အင်းဆက်တွေနဲ့ ငှက်တွေကို ခေါ်လို့ရတယ်

အင်းဆက်တွေဟာ အပင်စိုက်ပျိုးရေးမှာ အနှောင့်အယှက်ဖြစ်စရာ သတ္တဝါတွေလို့ ကျနော်တို့ သိထားကြပါတယ်။ အပင်စိုက်ပျိုးရာမှာ အင်းဆက်ကျလာရင် အပင်ဟာ သေသွားနိုင်ချေရှိလေ့လို့ သူတို့ကို အပင်တွေအတွက် အဖျက်သမားတွေလို့ သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ဒါဟာ ရာနှုန်းပြည့်မှန်ကန်တဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တချို့အင်းဆက်တွေဟာ အပင်တွေ ကြီးထွားလာဖို့အတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။ ငှက်ပျောခွံတွေဟာ အင်းဆက်တွေကို အလွယ်တကူခေါ်နိုင်ဖို့အတွက် အသုံးပြုသင့်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်တဲ့။

(၄) ပန်းပွင့်တဲ့ အပင်တွေမှာ အသုံးပြုသင့်တယ်

ကျွန်တော်တို့ အလွယ်တကူပဲ လွင့်ပစ်လိုက်ကြတဲ့ ငှက်ပျောခွံတွေမှာ ဓာတ်သတ္တိမြင့်တဲ့ ပိုတက်ဆီယမ်ဓာတ်တစ်မျိုးပါဝင်ပါတယ်။ အဆိုပါ ပိုတက်ဆီယမ်ဓာတ်ဟာ ပန်းပွင့်တဲ့ အပင်တွေရဲ့ ပွင့်နှုန်းကို မြင့်စေပါတယ်။ ဒါကြောင့် ငှက်ပျောခွံတွေကို ကိုက်လှီးပြီး ပန်းပင်တွေ စိုက်ပျိုးရာအောက်ခြေမှာ ထည့်သွင်းထားပါက အပင်ကို ရောဂါပိုးမွှားကျရောက်ခြင်းကနေ ကာကွယ်ပေးမှာဖြစ်သလို ပန်းပွင့်ဖို့အတွက်လည်း အကောင်းဆုံးအရာတစ်ခုပါ။

(၅)ငှက်ပျောခွံရှာလကာရည်လုပ်လို့ရတယ်

ဖန်ဘူးအလွတ်တစ်ခုထဲမှာ ပန်းသီးရှာလကာရှည်အနည်းငယ်နဲ့ ငှက်ပျောခွအနည်းငယ်ထည့်ကာ ငှက်ပျောခွံရှာလကာရည်လုပ်လို့ရပါတယ်။ အက်ဆစ်ဓာတ်ကို ကြိုက်တဲ့ ကြက်သွန်နီပင်လိုမျိုး၊ သခွားပင်လိုမျိုး၊ ဘယ်ရီပင်လိုမျိုး အပင်မျိုးတွေအတွက် ငှက်ပျောခွံရှာလကာရည်ဟာ အကောင်းဆုံးဖြည့်စွက်စာပါတဲ့။ငှက်ပျောခွံရှာလကာရည်မှာ အက်ဆစ်ဓာတ် အများအပြားပါဝင်တဲ့အတွက် အပင်အတွက် လိုအပ်သလောက်ပဲ အသုံးပြုသင့်ပါတယ်။

(၆)မြေဆီလွှာကို ကောင်းမွန်စေတယ်

အမှိုက်အဖြစ်လွှင့်ပစ်နေကျ ငှက်ပျောခွံတွေရဲ့ အကောင်းဆုံးအစွမ်းသတ္တိကတော့ မြေဆီလွှာကို ကောင်းမွန်လာစေတဲ့ အစွမ်းသတ္တိပဲဖြစ်ပါတယ်။ မြေကြီးထဲကို နှစ်လက်မ၊ သုံးလက်မလောက် တူးပြီး ငှက်ပျောခွံများကို အလျားလိုက်ထည့်သွင်းပေးထားခြင်းအားဖြင့် မြေဆီလွှာအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်နဲ့ တခြားဓာတ်သတ္တိများကိုလည်း ငှက်ပျောခွံတွေဟာ အားဖြည့်ပေးပါတယ်။

(၇) အပင်ပေါက်တွေအတွက် လိုအပ်တဲ့ဓာတ်ကို ပေးတယ်

အခုမှ အပင်တစ်ပင်စိုက်ပျိုးဖို့အတွက် မျိုးစေ့ကို မြေဆွေးထဲ ထည့်ပြီး စိုက်ပျိုးရာမှာ ငှက်ပျောခွံ အနည်းငယ်ကို အရင်ဆုံးအောက်က ခံပြီး စိုက်ပျိုးခြင်းက အပင်ပေါက်တွေအတွက် လိုအပ်တဲ့ အာဟာရကို ဖြည့်ဆည်းပေးသလို ဖြစ်စေပါတယ်။

Ye Yint Kyaw