ပညာရေး အတွက် ဘဏ္ဍာငွေ ချွေတာသုံးစွဲနေရမှု ဒေါ်အောင်ဆန်းစုကြည် အားမရဖြစ်နေ

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးရန်အတွက် ရုန်းကန်နေဆဲ နိုင်ငံ ဖြစ်သည့် အတွက် ပညာရေး ကဏ္ဍအတွက် သုံးချင်သည့် ငွေပမာဏ အကုန်ကျခံ မသုံးစွဲနိုင်သေးဘဲဖြစ်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော်ရှိ MICC- 2 တွင် သြဂုတ် ၁၂ ရက်နေ့က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ လူူငယ်များနေ့ အခမ်းအနားသို့ တက်ရောက် လာပြီး အဖွင့် မိန့်ခွန်းတွင် အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် က “ကျမတို့နိုင်ငံကို ဆင်းရဲတဲ့ နိုင်ငံလို့ မဆိုချင်ပါဘူး။ သို့သော်ငြားလည်း ဖွံ့ဖြိုးမှုမှာ ရှေ့တန်းကိုရောက်နေတဲ့ နိုင်ငံ မဟုတ်ပါဘူး။ ဖွံ့ဖြိုးတိုး တက်မှုအတွက် ရုန်းကန်နေဆဲ နိုင်ငံတခု ဖြစ်ပါတယ်။ အဲတော့ပညာရေး စနစ်မှာ ကျမတို့ သုံးချင်သလောက် ကျမတို့ အကုန် အကျခံ ချင်သလောက် ခံနိုင်တဲ့ အနေအထားမှာ မရှိသေးပါဘူး” ဟု ပြောသည်။

ထိုသို့ အခက်အခဲများကို ကျော်လွှားနိုင်ရန် အတွက် အားလုံးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျော်လွှားရမည် ဖြစ်ကြောင်း၊ လူငယ်များက လည်း မိမိတို့ ပညာရရှိရေး အတွက် တာဝန်ယူရမှာ ဖြစ်သလို၊ အစိုးရပိုင်းကလည်း အကောင်းဆုံး ပညာရေး စနစ်ထူထောင်ရန်အတွက် တာဝန်ယူမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် က “ပညာရေး စနစ်ရဲ့ အဓိက ဦးတည်ချက်တခုက အဓိက အမြော်အမြင်ရှိဘို့ပါဘဲ။ ပညာသင်ပေးတယ် ဆိုတာဟာ ဘဝမှာ ကိုယ်ကြုံ တွေ့ ရတဲ့ အခြေအနေကို မျှော်မှန်းနိုင်ဖို့၊ မျှော်မှန်းပြီး ဒီလို အခြေအနေတွေ ဖြစ်လာရင် ဘယ်လို ရင်ဆိုင်မလဲ၊ ဘယ်လို ကျော်လွှား မလဲ ဆိုတာကို ဆုံးဖြတ်နိုင်တယ်” ဟု ပြောသည်။

အရပ်သား အစိုးရ တက်လာပြီး နောက်ပိုင်း ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာသည်ကို တွေ့ရပြီး၊ ပညာရေး ဝန်ကြီးဌာနမှ တင်ပြတောင်းခံလာသည့် ပညာရေး အသုံးစရိတ်များကို လွှတ်တော်မှ လွန်ကဲစွာ ဖြတ်တောက်ခြင်းမပြုရန်နှင့် စနစ်တကျ စီစစ်ပြီးမှ ဖြတ်တောက်ရန် မှာကြားထားကြောင်း ပြည်သူ့ လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်အောင်က ဧရာဝတီသို့ ပြောကြားခဲ့ဖူးသည်။

နိုင်ငံတကာ ပညာရေး အတိုင်ပင်ခံလည်း ဖြစ်သူ ဆရာ ဘိုင်အို က “ပညာရေးကဏ္ဍမှာ အစိုးရ ဘတ်ဂျက်ရဲ့ ၈ ရာနှုန်းလောက် ဖြစ်လာပြီး ရှေ့နှစ်ဆို ၁၀ ရာနှုန်းလောက် သုံးမယ်။ သို့သော် ဒီထက်မကပိုသုံးစေချင်တယ်။ လက်ရှိက နိုင်ငံကလည်း မချမ်းသာဘူး။ ဘတ်ဂျက် သုံးစွဲမှုဟာလည်း ပညာရေးကဏ္ဍမှာ ဒီထက်ပိုပြီး သုံးစွဲဖို့ကလည်း ကျန်တဲ့ ကဏ္ဍတွေ ရှိနေသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဒီမိုကရေစီအစိုးရဖြစ်သည့် အတွက် ကဏ္ဍအားလုံးတွင် မျှပြီး ငွေကြေးကို သုံးနေရကြောင်း၊ တိုင်းပြည် တပြည်တွင် လိုအပ်ချက်များ များစွာ ရှိနေသည့် အတွက် ပညရေး ကဏ္ဍ တခုထဲ လိုအပ်နေခြင်းမဟုတ်သည့် သဖြင့် အကန့်အသတ်ဖြင့်သာ သုံးစွဲနေရခြင်း ဖြစ်ကြောင်း ဆရာ ဘိုင်အိုက ပြောသည်။

ယခုလာမည့် ဘဏ္ဍာနှစ်အတွက် ပညာရေး အသုံးစရိတ် တောင်းခံမှုမှာ ၈.၃၉ ရာခိုင်နှုန်းရှိပြီး၊ ကျန်းမာရေး အသုံးစရိတ် အနေဖြင့် ၃.၆၆ ရာခိုင်နှုန်း နှင့် ကာကွယ်ရေး အသုံးစရိတ်မှာ ၁၀. ၄၇ ရာခိုင်နှုန်း ရှိသဖြင့် ကျန်းမာရေး နှင့် ပညာရေး ၂ ခု ပေါင်းပါက ကာကွယ်ရေး အ သုံးစရိတ်ထက်များကြောင်း ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေ ငွေစာရင်းများအရ သိရသည်။

လူငယ်များ ပညာရှာသည့် အခါတွင် ဆင်းရဲ၊ ချမ်းသာ မရွေး၊ မြို့နေ တောနေ မရွေး အားလုံး တူညီစွာ ပါဝင်နိုင်သည့် ပညာရေး စနစ်တခု လိုအပ်ကြောင်း၊ အားလုံး သင်ယူနိုင်သည့် အခွင့်အရေး ပေးမည့် ပညာရေး စနစ်လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ပုဂ္ဂိုလ်က ဆို သည်။

လက်ရှိ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အားနည်းနေသည့် အဓိက အချက်များမှာ သုတေသန ပြုလုပ်သည့် အပိုင်း၊ ဘာ သာစကား ကျွမ်းကျင်မှုဆိုင်ရာနှင့် ဝက်ဆိုဒ် အသုံးပြုမှုများ တက္ကသိုလ်များတွင် အားနည်းနေသည့် အချက်များ တွေ့ရှိရကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆိုသည်။

Source: The Irrawaddy