မည်သူမှ ဆွမ်းဦး မကပ်နိုင်သော စစ်ကိုင်းတိုင်းက ဆွမ်းဦးပုညရှင်စေတီတော်သမိုင်း

မည်သူမှ ဆွမ်းဦး မကပ်နိုင်သည့် စစ်ကိုင်းတိုင်းက ဆွမ်းဦးပုညရှင်စေတီတော်

ပင်းတယမြို့ တစ်စီးရှင် သီဟသူမင်းတရားကြီးနှင့် နောင်အခါ စစ်ကိုင်းမြို့တည် အသင်္ခယာစောယွန်းမင်းကြီး၏ သေနာပတိအမတ်ကြီးဖြစ်သူ ဦးပုညက သက္ကရာဇ်(674)ခုနှစ်တွင် ဤစေတီတော်ကို တည်သည်။ ပုညအမတ်ကြီးက တည်သောကြောင့် ပုညဘုရား ပုညစေတီဟု အစကနဦးက ခေါ်ကြသည်။

များမကြာမီ ဓာတ်တော်နှစ်ဆူကို ခိုးယူမှု အသိမပေးပဲ ဘုရားတည်မှုတို့ကြောင့် အသင်္ခယာစောယွန်းမင်းကြီးက ပုညအမတ်တို့ကို စစ်ကိုင်းမြို့တွင် ရေချသတ်လေသည်။

သို့သော် အသက်မရှိသည့်ရေက အသက်ရှိသလိုဖြစ်ကာ ရေကနောက်ဆုတ်ပြီး ဘေးကဝန်းရံပြီး ခြံရံထားမှုကြောင့် ရေမနစ်ပဲ ဦးပုညတို့ အသက်ရှင်ကြလေသည်။ ထိုအရပ်ကို ရေဝန်းအရပ်ဟု ခေါ်သည်။

အသင်္ခယာစောယွန်းမင်းက ရေချသတ်သော်လည်း ပုညအမတ်တို့ မသေဘဲ ရှင်ကြသဖြင့် (ပုည ရှင်သတဲ့ ရှင်သတဲ့) ဆိုတဲ့စကားဟာ မြို့ထဲ အရပ်ထဲမှာ ကျော်ကြားသွားလေသည်။

ယင်းသို့ ပုညရှင်ဆိုတဲ့ သတင်းကို ကျော်ကြားလာရာမှ ပုညရှင်ဘုရား ပုညရှင်စေတီတော်ဟု ဖြစ်ပေါ်လာသည်။

တောစောင့်နတ်၊ တောင်စောင့်နတ်၊ သာသနာတော်စောင့်နတ် တို့က နံနက်အရုဏ်တက်တွင် ဆွမ်းဦးကပ်လှူလေ့ ရှိကြသည်။ ထို့အပြင် ဝါတွင်းသီတင်းစဉ် ဘုရားပွဲတော်ကြီးများတွင်

ပထမဆုံး ဆွမ်းဦးကွမ်းဦးပန်းဦး စသည် အလှူခံ ရသည် ထိုသို့ ဆွမ်းဦးကို အလှူခံရသောဘုရားဖြစ်ခြင်းကြောင့် ဆွမ်းဦးပုညရှင်ဘုရား ဆွမ်းဦးပုညရှင်စေတီတော်ဟု ခေါ်တွင်လာကြသည်။

နှစ်စဉ် ဝါဆိုလပြည့်နေ့တိုင်းတွင် ပဋ္ဌာန်းရွတ်ဘာသ်ပူဇော်ပွဲ၊ သံဃဒါန ဆွမ်းလောင်းပွဲကြီးများနှင့် ယှဉ်တွဲပြီး ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ပူဇော်ကြလေသည်။