မုန့်ဟင်းခါး ဋီကာ (ဒါဖတ်ပြီးမှ မုန့်ဟင်းခါး စားပါ)

မြန်မာလူမျိုးတို့၏မနက်စာမှာမုန့်ဟင်း ခါးဖြစ်သည်ဟုပြောရလောက်အောင်မြန် မာအားလုံး မုန့်ဟင်းခါးကြိုက်ကြသည်။ မုန့်ဟင်းခါးပင်ဖြစ်သော်လည်းဒေသအလိုက်ကွာခြားမှု့ရှိသည်။ချက်ပုံကွာကြသည်။ထို့ကြောင့်ပင်ဘိုကလေးမုန့်ဟင်းခါး၊ မြောင်းမြမုန့်ဟင်းခါး၊ဖျာပုံမုန့်ဟင်းခါးဟူူ၍ဒေသစွဲနံမည်ကွာသွားသည်။ မြောင်းမြဒေါ်ချို၊ဖျာပုံတင်တင်အေး၊ ဘိုကလေး ဒေါ်ညိုမုန့်ဟင်းခါး ဟူ၍ နာမည်ကြီးကြသည်။ မုန့်ဟင်းခါးထဲတွင်အိုး ဘဲဥ၊အကြော်၊ အီကြာကွေး ၊ငါးဖယ်ထည့်စားကြ သည်။

ညောင်လေးပင်၊ပြွန်တန်ဆာဘက်တွင်ငါးချဉ်ထည့်စားတတ်သည်။အချဉ်အဖြစ်ဆီးဖြူသီးသနပ်ထားပေးတတ်သည်။တောင်ငူမုန့်ဟင်းခါးမှာအရည်ကြဲဖြစ်ပြီးကြက်သွန်ပြုတ်နှင့်ငှက်ပျောအူဖတ်ကို သီးခြားခွဲထား၍ကြိုက်ရာထည့်ပေးသည်။ ဆီးဖြူသီး ဆားရည်စိမ်အလုံးလိုက်ထားပေးသည်။ ကညွှတ်ကွင်းမှာ တမူထူးသည်။ မုန့်ဖတ်ကိုပဲဟင်းရည်ဖြင့်စားရပြီး ငါးပြုတ်ရေကို အရည်သောက်ပေးသည်။အညာဒေသမုန့်ဟင်းခါးမှာလည်းမုန့်ဖတ်နှင့်ပဲဟင်းရည်ဖြစ်သည်(ကျွန်တော်စားခဲ့ရသည့်ကါလကတွေ့ကြုံသည်ကိုရေးခြင်းဖြစ်၍ယနေ့ပြောင်းလဲနိုင်ပါသည်။)

မော်လမြိုင်ရေစိမ်မုန့်ဟင်းခါး၏ ထူးခြားချက်မှာစားသူရှေ့မှောက်တွင်ပင် မုန့်ဖတ်ကိုရေနွေးထဲညှစ်ချ၊ ဆယ်၊ရေအေးစိမ်ပြီး လတ်လတ်ဆတ်ဆတ်မုန့်ဟင်းခါးဖတ်ကိုဟင်းရည်နှင့်စားရခြင်းဖြစ်သည်။ အိုးဘဲဥ၊ငါးဖယ်၊အကြော်ကြိုက်ရာ ထည့်စား နိုင်သည်။ငုက်ပျောအူဖတ်သီးခြား ထား၍ကြိုက်မှထည့်ပေးသည်။ပဲသီးစိမ်း၊ နံနံပင်၊ပူဒီနံ၊ရှောက်သီးစိတ်ထားပေးသည်။ ဘိတ်မုန့်ဟင်းခါးမှာအရည်ပျစ်၍ငှက်ပျောအူဖတ်များသည်။

ဖေါ်ပြပါဘိတ်၊မော်လမြိုင်၊ဘိုကလေး၊ဖျာပုံ၊မြောင်းမြအမည်စွဲ မုန့်ဟင်းခါးအားလုံး ရန်ကုန်တွင်ရနိုင်သည်။ မုန့်ဟင်းခါးကို မြန်မာတို့သာမကနိုင်ငံခြားသားအချို့လည်းကြိုက်ကြသည်။ရန်ကုန်ရှိဘိုကလေးဒေါ်ညိုမုန့်ဟင်းခါးကိုကြုံကြိုက်သည့်အခါမှမိမိစားဖြစ်သော်လည်းပြောင်းသွားသည့်ဗြိတိသျှသံအမတ်ကြီးကငုင်းဆိုင်တွင်အခါ၂၀၀ကျော်စားဘူးသည်ဟုဆိုသည်။မိမိနာဂစ်ကါလဖျာပုံရောက်စဉ်စားရသောဖျာပုံမုန့်ဟင်းခါးသည်ရန်ကုန်မှဖျာပုံအမည်ခံမုန့်ဟင်းခါးထက်ကေါင်းသည်။မြောင်းမြသားတဦးပြောသည်မှာလည်းရန်ကုန်မြောင်းမြမုန့်ဟင်းခါးများသည်ငရုပ်ကေါင်းအပူအစပ်လျှော့ထားသည်ဟူ၏။

မြို့ကြီးများတွင်သာမကကျေးလက်တောရွာများတွင်လည်းမုန့်ဟင်းခါးနှစ်သက်ကြ၍မုန့်ဟင်းခါးအရောင်းဆိုင်များရှိသည်။တခုသောကျေးလက်ဆိုင်တွင့်အဖြူမုန့်လေးများဘူးတွင်ထည့်၍ချထားသည်ကိုတွေ့သဖြင့်မေးကြည့်ရာအချိုမှုံ့ဖြစ်ကြောင်း၊စားသုံးသူတို့စိတ်ကြိုက်ထည့်စားရန်ဖြစ်ကြောင်းသုတတိုးခဲ့သည်။ စာရေးဆရာမင်းရှင်၏ စာပေဗိမာန်ဆုရ ”လမ်းပေါ်မှာ” ဝတ္ထုတပုဒ်တွင်လက်မမှန်သောမုန့်ဟင်းခါးသည်လေး အကြောင်းရေးဖွဲ့သည်။ သိန်းဖေမြင့်၏’ ‘တတိယတန်းမှာတနေရာ” ဝတ္ထုတွင်လည်းပါသည်ထင်။ သော်တာဆွေ၏ အမှန်တရားနှင့် သတ္တိဝတ္ထုတွင် ခေါင်းရွက်မုန့်ဟင်းခါးသည်လေးနှင့် မှားမိ သော သူကြီးမင်းသတ္တိ ကြောင်သွားပုံရေးဖွဲ့ထားသည်။

မိမိသတိထားမိသလောက်ရန်ကုန်နှင့်နယ်တွင်မုန့်ဟင်းခါးဟင်းရည်ကိုမြေအိုးတွင်ထည့်ပြီးခံတောင်းရွက်လှည်လည်ရောင်းချသည့်မုန့်ဟင်းခါးသည်များမတွေ့တော့ပြီ။ မုန့်ဟင်းခါးသည် မြန်မာကြိုက် အစားအစားဖြစ်၍ အလှု၊ဆွမ်းကျွေး၊ စတုဒိသာ များတွင်မုန့်ဟင်းခါးကျွေးတတ်သည် ။စစ်အစိုးရကါလကမုန့်ဟင်းခါးပြိုင်ပွဲလုပ်ခဲ့ ဘူးသည်။ စိန်ဥ၊ ပဲခူးဒေါ်စန်းမြင့် တို့ ဆုရဘူးသည်ထင်?။

မုန့်ဟင်းခါးတပွဲဈေးနှုံးမှာဒေသ၊ဆိုင်၊ပါဝင်သောအမယ်ပေါ်မူတည်သည်။ ရန်ကုန်တွင် မုန့်ဟင်းခါး အလွတ်တပွဲ ၃၀၀ကျပ် ဆိုင်းဘုတ်တင်ရောင်းချသောလမ်းဘေးအထမ်းဆိုင်များရှိသလို Rangoon Tea House မှမုန့်ဟင်းခါး one set သည် ၅၀၀၀ ကျပ်ဖြစ်သည်။ ကဲကိုယ်အဆင်ပြေမဲ့ဆိုင် သွားပြီး….စားကြမယ်ဟေ့ မုန့် ဟင်းခါး

Hla Myaing (လေးစားမှုဖြင့် ခရက်ဒစ်)