မွန်နှင့် တနင်္သာရီကို ဆက်သွယ်ထားသည့် မလွှဲတောင်ကြော တောင်နံရံပြိုကျ၍ လူ ၂ ဦး သေဆုံး

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းကို အဓိက ဆက်သွယ်ထားတဲ့ မလွှဲတောင်ကြောပေါ်မှာ တောင်နံရံတွေပြိုကျပြီး လမ်းမြေသားပြတ်ကျခဲ့လို့ လမ်းလျှောက်လာတဲ့ လူ ၂ ဦး သေဆုံးသွား ပါတယ်။

မလွှဲတောင်ဂိတ်နဲ့ မီတာ ၂၀၀ အကွာ ၇၆ မိုင်နဲ့ ၇၉ မိုင်ကြား တနင်္သာရီတိုင်း ဘက်အခြမ်းမှာ သြဂုတ် ၁၀ ရက်က အခင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီကနေ့မှ သတင်းရရှိတာ ဖြစ်တယ်လို့ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောပါတယ်။

အဆိုပါနေရာကို လူ ၄ ဦး လမ်းလျှောက်လာတာဖြစ်ပြီး အကျယ် ပေ ၁၅၀ နဲ့ အနက် ပေ ၅၀ လောက် ပြတ်ကျသွားခဲ့ရာမှာ လူ ၂ ဦး လွတ်မြောက်ခဲ့ပြီး အမျိုးသား ၂ ဦးကတော့ သေဆုံးသွား ခဲ့ပါတယ်။ သေဆုံးသွားသူ ၂ ဦးရဲ့ အလောင်းတွေကိုတော့ ကလိန်အောင် ဆေးရုံကို ပို့ဆောင်ထားပါတယ်။

မလွှဲတောင်လမ်းပိုင်း နေရာအတော်များများမှာ လမ်းပိုင်းပြတ်တောက်မှုတွေ တောင်ပေါ်မြေသား ပြိုကျမှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး တပ်မတော်သားတွေ ၊ ဆောက်လုပ်ရေး လမ်းအထူးအဖွဲ့နဲ့ တာဝန်ရှိသူတွေက လမ်းအမြန်ဆုံး ပြန်ပွင့်အောင် ဆောင်ရွက်နေပါတယ်။

လမ်းပိုင်းပြတ်တောက်သွားတဲ့ နေရာတွေကို ယာယီသွားလာလို့ အဆင်ပြေအောင် ဘေလီတံတားတွေ တပ်ဆင်နေပြီး ပြီးစီးဖို့ အချိန် ၆ ရက်လောက် ကြာမြင့်နိုင်တယ်လို့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ ရေကြီးပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့တဲ့အတွက် သြဂုတ် ၁၂ ရက်အထိ တပ်မတော်သား ၅၆၀ ကျော်နဲ့ ဌာဆိုင်ရာအဖွဲ့စည်းတွေ လူမှုကူညီရေးအဖွဲ့တွေက ကူညီဆောင်ရွက်ပေးနေပါတယ်။

အောင်ကျော်

Credit to DVB