ရင်နာစရာကောင်းသော လူမသိတဲ့ (၃) နာရီ

ယခုနှစ်မိုးရာသီဇာတိမြေ အပြန်မှာထူးထူးခြားခြားမိုးများတာကြောင့် မကြုံစဖူးရေကြီးမှုနဲ့ ကြုံခဲ့ရပါတယ်။ ဘီးလင်းမြို့ အပါအဝင် မွန်ပြည်နယ်တစ်ခုလုံးနဲ့ ကရင်ပြည်နယ်တွေမှာစိုးရိမ်ရေမှတ် ဆိုပြီးပြောနေတာတွေ ရှိပေမယ့် စိုးရိမ်ရေမှတ်ဆို တာ ဘယ်အမှတ်လဲဆိုတာတော့ ကိုယ်တွေ့မကြုံရသေးတော့ မသိသေးပါဘူး။ ‌မြေတွေပြိုတယ်၊ တံတားတွေကျိုးတယ်ဆိုတဲ့ သတင်းကြောင့် အပြန်လမ်းမှာတံတားဖြတ်တိုင်းရင်တထင့်ထင့်နဲ့ပါပဲ။ စစ်တောင်းတံတားပေါ် အရောက်မှာစစ်တောင်းမြစ်ကို မြင်ရချိန်မှာသွေးပျက်စ ပြုလာပါတယ်။

စစ်တောင်း မြစ်ရေက နောက်ကျိနေပြီး အပျက်အစီးတွေ မြစ်ထဲမှာမျောနေပါတယ်။ ကားဆရာကလည်းမိုးသည်းလွန်း တာကြောင့် ဖြည်းဖြည်းလေးပဲမောင်းနေတော့ မြန်မြန်ရောက်ချင်တဲ့လူအတွက် ပိုပြီးအချိန်ကြာနေခဲ့ပါတယ်။ သိမ်ဇရပ်ရောက်ချိန် တံတားသစ်က ဖြတ်တော့လည်း မြင်ကွင်းတွေကစိုးရိမ်စရာတွေချည်းပါပဲ။

ကျိုက်ထိုကျော် လာပြီးမှာကားလမ်းတွေကပိုဆိုးလာပါတယ်။ လမ်းတွေမှာရေကျော်တာကြောင့် စက်ပယာကအမြဲလိုလို ကားပေါ်နဲ့ ကားအောက် ပြေးဆင်းလိုက် ပြေးတက်လိုက်နဲ့ ကားဆရာကိုဆရာပြန်လုပ်နေခဲ့ရပါတယ်။ မိုင်တိုင် ၁၂၇အကျော်မှာ ဘီးလင်းချောင်းရေတွေကကားလမ်းအပေါ် အတော်လေးကျော်နေတာကိုစပြီးတွေ့ရပါတယ်။ ရှေ့မှာကားတွေတန်းစီနေလို့ ဖြည်းဖြည်းချင်းမောင်းပြီး ကျွန်တော်တို့ကားလည်းတန်းစီလိုက်ရပါတယ်။

တံတား ကြောင့်လား၊ လမ်းကြောင့်လားဆိုတာကားပေါ်က လူတွေရဲ့တီးတိုးငြီးသံတချို့ ကြားရပါတယ်။ နေရာက လမ်းကရေကျော်နေကျဆိုတာသိပေမယ့် ဘယ်လောက်ထိကျော်နေလဲဆိုတာမခန့်မှန်းနိုင်သေးပါဘူး။ မိုးရွာနေ လို့ အောက်မဆင်းနိုင်ပေမယ့် ကားပြတင်းကရှေ့ကိုလှမ်းကြည့်တော့ မျက်စိတဆုံးကကားတန်းကြီးပါပဲ။

စိတ်ကိုလျှော့ကာဆိုဖာပေါ်မှီပြီး ပြန်ထိုက်လိုက်ပါတယ်။ တဖြည်းဖြည်းနဲ့ကားရွေ့သွားချိန်မှာတော့ လုံးဝ မျှော်လင့်မထားတဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရပြီးကျက်သီးမွေးညှင်းများက ထမိပါတယ်။ တကိုယ်လုံး စိုရွှဲနေတဲ့ စစ်သားလေးတွေကမိုးရွာထဲမှာရပ်ပြီးကားတွေကိုလမ်းပြပေးနေကြတာပါ။ စစ်သားလေးတွေ တော်တော်များပါတယ်။ တချို့က မိုးကာလေးတွေ မလုံ့တလုံဝတ်ထားပေမယ့် တကိုယ်လုံးကတော့ ရွှဲရွှဲစို နေပါတယ်။ ရေကြောင့် လမ်းတလမ်းလုံးဘာမှမမြင်ရပါဘူး။

စစ်သားလေးတွေက လမ်းဘေးတဖက်တချက်မှာ ရပ်ပြီးလမ်းမမြင်ပဲဆက်မောင်းသွားရင် ကားချောက်ထဲကိုကျသွားမည်ဖြစ်လို့ လမ်းကို ပြပေးထားပါတယ်။ စစ်သားလေးတွေ လမ်းမပြရင်လည်းကားတွေ တစ်စီးပြီးတစ်စီးဘေးကမြောင်းထဲကိုထိုးကျတာနဲ့ လမ်းတစ် လမ်းလုံးပိတ်နေလောက်ပါပြီ။ မိုးရွာထဲကမိုးရေထဲမှာလမ်းနှုတ်ခမ်းတွေကို နင်းပြီးရပ်နေတဲ့ ရေထဲကစစ်သား လေးတွေရဲ့ ကြားထဲမှာကားတွေကတစ်စီးပြီးတစ်စီး မောင်းနေပါတယ်။

တချို့ကားတွေ ရှေ့ဆက်မရုန်းနိုင် ချိန်မှာစစ်သားလေးတွေကဝိုင်းတွန်းကြပြန်ပါတယ်။ ကားကပုံမှန်ချိန်ထက် ပိုကြာနေတာကြောင့် ဗိုက်ဆာတာနဲ့ ပါလာတဲ့ ပေါင်မုန့်တစ်လုံးကိုကိုက်ရင်း မှန်ကနေအပြင်ကိုငေးကြည့်တော့ မျက်လုံးပေါ်မှမိုးရေစက်များကို သုတ်ပြီးမော့ကြည့်နေတဲ့ စစ်သားလေးတစ်ယောက်ကို မြင်တော့ စိတ်ထဲမှာခံစားမှုတစ်မျိုးရလိုက်ပါတယ်။

နေ့လည်တစ်နာရီထိုးနေပါပြီ။ စစ်သားလေးတွေကြည့်ရတာ ဘာမှစားရသေးဟန်မတူ။ စိတ်မကောင်းလည်း ဖြစ်မိသလိုမိုးလုံကားထဲကစိုဖာပေါ်မှာထိုင်ပြီးပေါင်မုန့်စားပြမိတဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီးရှက်မိပါတယ်။ မိုးနဲနဲ စဲတာနဲ့ မှန်တံခါးကိုဖွင့်ပြီးဓာတ်ပုံရိုက်လိုက်ပါတယ်။ စစ်သားလေးတွေကတော့ ပတ်ဝန်းကျင်ကိုသိပ်ပြီး စိတ်ဝင်စားဟန်မရှိ။ အထက်ကခိုင်း၍လုပ်ရသည်လား?၊ တာဝန်အရကြောင့်လား? မသိရပေမယ့် ကားတစ်စီး ပြီးတစ်စီးရဲ့ ဘီးတွေကိုသေချာစူးစိုက်ပြီးကြည့်နေကြပြီးတစ်စီးရပ်သွားတာနှင့် ဝိုင်းတွန်းကြတယ်၊ ရေထဲက တက်သွားမှ စိတ်ချသွားသည့်ဟန်ဖြင့် နောက်တစ်စီးကိုဆက်ပြီးအာရုံစိုက်နေကြတယ်။ရေထဲကနေလမ်းပေါ် ကားရောက်လာတော့မှ မြင်ကွင်းတစ်ဆုံးကရေပြင်ကြီး ဖြစ်နေမှန်းသတိထားမိပါတယ်။

ဘီးလင်းမြို့လမ်းအား လုံးနီးပါးကတော့ ရေကခါးတစ်ဝက်ကျော်အထိကိုတက်လာပြီးအိမ်တွေလည်းမြုပ်၊ ကားတွေလည်း ရေမျော ကုန်ပါတယ်။ ကားကတော့ တရွေ့ရွေ့နဲ့ ဆက်ပြီးမောင်းနေဆဲ ဖြစ်သလိုမိုးကလည်းသဲနေဆဲပါပဲ။ ချမ်းလာ တာကြောင့် အကျီအိပ်ထဲကိုလက်နှိုက်လိုက်တော့ စားလက်စပေါင်မုန့်ကိုစမ်းမိချိန်မှာခုနက မြင်ကွင်းကို ပြန်မြင် မိပြန်ပါတယ်။ ဘယ်တော့မှမေ့လို့မရတဲ့ မြင်ကွင်းတစ်ခုပါပဲ

၃ နာရီလောက် မြင်ခဲ့ရပေမယ့် နောင် နှစ် ၃၀ ကျော်ထိတိုင် မေ့နိုင်မယ်မထင်ပါ။ နောက်တနေ့သတင်းထဲမှာထိုင်းနိုင်ငံကဆည်ဖောက်ချလို့ သောင်ရင်းမြစ် ရေကြီးတာကို ထိုင်းနိုင်ငံက ထောက်ပံ့တယ်ဆိုပြီးဝတ်စုံအပြည့်ဝတ်ထားတဲ့ ကယ်ဆယ်ရေး သမားတွေကို ဂျာနယ်တချို့မှာတွေ့ရ ပါတယ်။ ရန်ကုန်-မော်လမြိုင်လမ်းပေါ် ဘီးလင်းနားကမိုးကာတစ်ပိုင်းနဲ့ စိုရွှဲနေတဲ့ စစ်သားလေးတွေ ပုံကိုတော့ ဘယ်ဂျာနယ်မှာမှမတွေ့ရတော့ စိတ်မကောင်းဖြစ်မိတာကြောင့် ရင်နာစရာ ကောင်းတဲ့ အမေ့ခံပုံရိပ်တစ်ခုအဖြစ် မှတ်တမ်းတင်လိုက်ရပါတယ်။

Credit-တင်မင်းထက်(UCSY)