ရယ်မောခြင်းကြောင့် သင်ရရှိနိုင်မယ့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး(၅)ခု

ရယ်မောခြင်းဆိုတာ ပိုက်ဆံမကုန်ပဲနဲ့ အကျိုးကျေးဇူးတွေအများကြီး ရရှိစေတဲ့အရာလို့ သိထားခဲ့ဖူးတယ်မဟုတ်လား။ တကယ်လည်း ရယ်မောခြင်းဆိုတာ ပိုက်ဆံတပြားတချပ်မှ မကုန်ပဲ ကိုယ့်အတွက် အကျိုးကျေးဇူးတွေအများကြီး သယ်လာပေးတဲ့အရာပါ။ ရယ်မောခြင်းကနေ သင် ဘာတွေရနိုင်မလဲဆိုတော့….

(၁)။ စိတ်ညစ်စရာတွေကို လျော့ကျစေတယ်
ရယ်မောခြင်းဟာ စိတ်ဖိစီးမှုတွေ၊ ဒေါသဖြစ်တာတွေကို လျော့ကျစေပါတယ်။ ပုံမှန်ရယ်နေတတ်တဲ့ သူတစ်ယောက်အတွက်တော့ တော်ရုံနဲ့စိတ်ဖိစီးမှုတွေ၊ ဝမ်းနည်းမှုတွေရဲ့ဒဏ်ကို ခံရမှာမဟုတ်ပါဘူး။ အရာရာကို ဟာသဆန်တဲ့ ဖက်ကနေ ကြည့်တတ်သူတစ်ဦးအတွက် ပြဿနာတွေကိုဖြေရှင်းနည်းဟာလည်း သူများတွေနဲ့တူမှာမဟုတ်လို့ စိတ်ညစ်စရာတစ်ခုခုရှိလာရင် ရယ်မောနေလိုက်တာ အကောင်းဆုံးပါ။

(၂)။ ကယ်လိုရီတွေကိုလောင်ကျွမ်းစေတယ်
ဝိုး…ဒီလိုဆို Gym ကိုတောင် သွားနေဖို့မလိုတော့ဘူးပေါ့။ ထိုင်ပြီး ရယ်နေရုံပဲ။ ဟုတ်ပါတယ်…လေ့လာတွေ့ရှိမှုတွေအရတော့ တစ်နေ့မှာ (၁၀)မိနစ်ကနေ (၁၅)မိနစ်လောက် အားရပါးရ ရယ်နေရုံနဲ့ တစ်နေ့တာ စားသောက်ထားသမျှ ကယ်လိုရီတွေရဲ့(၄၀)ရာခိုင်နှုန်းကို လောင်ကျွမ်းသွားစေပါသတဲ့။

(၃)။ နာကျင်မှုကိုလျော့ကျစေတယ်
တချို့လူတွေကို မြင်ဖူးတယ်မို့လား။ တစ်ခုခုကြောင့် နာကျင်သွားတဲ့အခါ၊ဒဏ်ရာရသွားတဲ့အခါ နာလိုက်တာလို့ပြောပြီး ရှုံ့မဲ့နေဖို့ထက် ရယ်နေကြတာမျိုးလေ။ မန်ဆာချုးဆက်တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာတွေ့ရှိမှုတစ်ခုအရ ဟက်ဟက်ပက်ပက်ရယ်မောနေခြင်းဟာ နာကျင်မှုကို အချိန်ခဏလောက် မေ့လျော့သွားစေနိုင်တယ်လို့ ဆိုပါတယ်။

(၄)။ အသက်ရှည်တယ်
ဒါကတော့ ပြောနေဖို့တောင်မလိုပါဘူး။ ငယ်ငယ်ကတည်းက ကြားဖူးပြီးသားပဲလေ။ “ရယ်သောသူ အသက်ရှည်သည်” ဆိုတာ။ နော်ဝေနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာတွေ့ရှိမှုအရ ရယ်မောနေတတ်တဲ့သူတွေက ဘဝကို အကောင်းမြင်တတ်ကြသလို တခြားသူတွေထက်ပိုပြီး အသက်ရှည်ရှည်နေကြရကြောင်း တွေ့ရှိခဲ့ရပါတယ်။

(၅)။ ကိုယ်ခံအားကောင်းစေတယ်
ရယ်မောခြင်းဟာ ခန္ဓာကိုယ်ထဲက စိတ်ဖိစီးမှုနဲ့ဆိုင်တဲ့ ဟိုမုန်းတွေကို လျော့ချပေးရုံသာမက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပါသတဲ့။ ရယ်မောလိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်မှာရှိတဲ့ အဆုတ်ဟာ လေဝင်လေထွက်ပိုမိုကောင်းမွန်လာပြီး အသက်ရှူလမ်းကြောင်းကို ပိုလို့အထောက်အကူ ဖြစ်စေတယ်လို့ helpguide.org မှာ ဖော်ပြထားပါတယ်။

Credit to shwemom