သင်ဟာ ငညစ်ပတ်တစ်ယောက်လို့ လူတွေထင်နေကြတဲ့အကြောင်းရင်း(၄)ခု

သင်က တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဦးစားပေးတဲ့သူတစ်ယောက်ဖြစ်ပေမယ့် တခြားသူတွေရဲ့မျက်လုံးထဲမှာ ငညစ်ပတ် တစ်ယောက်လို့ ထင်တာ ခံနေရပြီလား။ သင့်မှာ တစ်နေ့တစ်နေ့ ရေချိုးလာတယ်ပြောလည်း မယုံ၊ ဒီအင်္ကျီက ဒီနေ့မှ ဝတ်လာတာလို့ပြောလည်းမယုံနဲ့ သူငယ်ချင်းတွေကြားမှာ မကြာခဏ လှောင်ပြောင်တာ ခံနေရတာလား။ အဲဒါဆိုရင်တော့ သင်က ဒီအခြေအနေ(၄)ခုမှာ တစ်ခုနဲ့ကိုက်ညီနေလို့ဖြစ်ပါလိမ့်မယ်….

(၁)။ ရေမချိုးချင်တဲ့အကြောင်း လူရှေ့မှာခဏခဏပြောမိလို့

သင့်သူငယ်ချင်းတွေ၊ မိတ်ဆွေတွေအရှေ့မှာ ရေမချိုးချင်တဲ့အကြောင်း ခဏခဏ ပြောမိရင်လည်း သင်က လူညစ်ပတ်တစ်ယောက်လို့ ကျန်တဲ့သူတွေက ထင်သွားနိုင်ပါတယ်။ ရာသီဥတုအေးလို့ပဲဖြစ်ဖြစ်၊ တစ်နေ့တာအလုပ်တွေ များလွန်းလို့ပဲဖြစ်ဖြစ်၊ နေမကောင်းချင်တာကြောင်းပဲဖြစ်ဖြစ် “ရေမချိုးချင်ဘူး” လို့ အော်နေမိပြီး အဲဒီလို ညီးညူနေတာကို ပတ်ဝန်းကျင်ကလူတွေက မကြာခဏ ကြားမိပြီဆိုရင် သေချာပါတယ် သူတို့စိတ်ထဲမှာ သင်ဟာ ရေချိုးရမှာကိုကြောက်တဲ့ ငညစ်ပတ်ကြီးလို့ ထင်နေကြမှာပါ။

(၂)။ တစ်ကိုယ်ရည်သန့်ရှင်းမှုကို သိပ်ဂရုမစိုက်လို့

သင်က တစ်ကိုယ်ရည်သန့်ရှင်းမှုကို သိပ်ပြီးအလေးမထားတဲ့သူဆိုရင်လည်း သင့်ကို ငညစ်ပတ်တစ်ယောက်လို့ အားလုံးက ထင်ကြမှာပါ။ သင့်ရဲ့လက်သည်းတွေက ဂျီးတွေနဲ့ ၊ ဆံပင်မှာဆိုလည်း ဗောက်တွေ ၊ အဝတ်အစားတွေကလည်း အစွန်းတွေ၊အကွက်တွေနဲ့ တွန့်ကြေလို့…ဒီလိုပုံစံနဲ့ဆိုရင် သင့်ဘေးမှာရှိတဲ့ သူငယ်ချင်းတွေ ၊ မိတ်ဆွေတွေက သင့်ကို လူညစ်ပတ်တစ်ယောက်လို့ ထင်နေကြတာ ဆန်းမယ်မထင်ဘူးနော်။

(၃)။ ပုံစံတူအဝတ်အစားတွေဝတ်ရတာသဘောကျတတ်လို့

သင်က တီရှပ်အဖြူတွေကို သဘောကျလို့ အဲဒီ တီရှပ်အဖြူတွေချည်း နေ့တိုင်းဝတ်တတ်သူဆိုပေမယ့် သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကတော့ သင်ဟာ အင်္ကျီတစ်ထည်ကို မလျှော်ပဲ နှစ်ရက်၊သုံးရက် ဝတ်တတ်သူလို့ ထင်သွားမှာပါ။ လိုက်ပြီး ရှင်းပြရအောင်လည်း တကူးတကကြီးမရှင်းပြချင်၊ မရှင်းပြပဲထားလိုက်ပြန်ရင်လည်း သူတို့က ကိုယ့်ကို ညစ်ပတ်တဲ့လူတစ်ယောက်လို့ထင်၊ ဒီလိုနဲ့ တိုင်ပတ်နေတော့တာပါပဲ။

(၄)။ သူများတွေသန့်ပြန့်နေတာတွေ့ရင်မနာလိုဖြစ်တတ်လို့

သူများတွေ သန့်သန့်ပြန့်ပြန့်လေး ဝတ်လာပြီဆိုရင် မနာလိုဖြစ်တတ်ပြီး “ဒီကောင်ကတော့ ထူးခြားနေပါလား” “ဒီလိုဝတ်တယ်ဆိုတာ တစ်ခုခုပဲ” စသဖြင့် သူများသန့်ရှင်းနေတာကို မနာလိုဖြစ်တဲ့ စကားတွေကြောင့်လည်း သင့်ကို လူညစ်ပတ်တစ်ယောက်လို့ လူတွေ ထင်သွားစေမှာပါ။ သူတို့ရဲ့အမြင်မှာတော့ သင်ဟာ သင်ညစ်ပတ်တာကြောင့် တခြားလူတွေ သန့်ရှင်းနေရင် မနာလိုဖြစ်နေတတ်တာလို့ ထင်ကြမှာပါ။ ဒီတော့ အဲဒီလို မနာလိုတဲ့စကားမျိုးကို မပြောမိအောင် ရှောင်တာ အကောင်းဆုံးပါနော်။

Credit to Shwemom