အချစ်အတွက် မိန်းကလေးတွေ ရူးမိုက်စွာ ယုံနေတတ်ကြတဲ့ အမှားများ

မိန်းကလေးအများစုဟာ ပတ်ဝန်းကျင်အခြေအနေကြောင့်ဖြစ်စေ၊ ကြားဖူးနားဝစကားတွေကြောင့်ဖြစ်စေ အချစ်နဲ့ပတ်သက်ပြီး လွဲမှားစွာယူဆပြီး အမှန်ထင်တတ်ကြပါတယ်။ ခုဖော်ပြပေးမယ့်အရာတွေက မိန်းကလေးတွေ အထင်မှားတတ်ကြတဲ့၊ ဘဝတစ်ခုလုံးကို ပျက်စီးစေနိုင်တဲ့ အမှားတွေ ဖြစ်ပါတယ်။ ဒီအရာလေးတွေကို သတိနဲ့ဆင်ခြင်ပြီး မှန်ကန်တဲ့ အတွေးအခေါ်၊ အယူအဆတွေ ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပါတယ်။

(၁) သူကလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်တော့ဘူး
မိန်းကလေးတော်တော်များများဟာ ကိုယ့်ကို စိတ်ဆင်းရဲအောင်အမြဲလုပ်တဲ့သူမျိုး၊ ကိုယ့်ကို မကြင်နာတတ်တဲ့သူမျိုး၊ ကိုယ့်ကို စိတ်ပျက်စရာတွေပဲပေးတဲ့သူမျိုးတွေကို ပစ်ခွာမသွားကြပါဘူး။ အကြောင်းကတော့ သူကလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်တော့ဘူးလို့ လွဲမှားစွာထင်နေကြလို့ပါပဲ။ ဒီအတွေးတွေကြောင့်ပဲ ဘယ်လောက်စိတ်ဒုက္ခရောက်ရောက် ရင်စည်းပြီးခံလေ့ရှိကြပါတယ်။ သင်သိထားရမှာက သူကလွဲပြီး ဘယ်သူ့ကိုမှမချစ်နိုင်တော့ဘူးဆိုတဲ့ သင့်အတွေးက လုံးဝမှားနေတယ်ဆိုတာပါပဲ။

(၂) အယုံလွယ်တယ်
မိန်းကလေးတော်တော်များများဟာ ချစ်သူပြောသမျှကို ယုံလွယ်ကြပါတယ်။ ဒါဟာ အန္တရာယ်ကို လက်ယပ်ခေါ်နေသလိုပါပဲ။ ယောကျ်ားတစ်ယောက်ရဲ့ စရိုက်အမှန်၊ သဘာဝအမှန်ကို မသိရခင်မှာဘဲ ဘဝတစ်ခုလုံးကို ပုံအပ်မိတတ်ကြပါတယ်။ ယောကျ်ားတစ်ယောက်ရဲ့မာယာတွေ၊ ဟန်ဆောင်မှုတွေကို တကယ်လို့ထင်ပြီး သာယာတတ်ကြပါတယ်။ အမှန်တကယ်ကတော့ သူတို့ရင်းလိုက်ရတာ အလကားရတဲ့လေတွေဖြစ်ပြီး သင် ရင်းလိုက်ရတာကတော့ ဘဝတစ်ခုလုံးဖြစ်နေတယ်ဆိုတာ သတိပြုပါ။

(၃) စွန့်လွှတ်ဖို့သတ္တိမရှိဘူး
မိန်းကလေးတော်တော်များများ မှားနေတဲ့အရာကတော့ စွန့်လွှတ်ဖို့ သတ္တိမရှိတာပါပဲ။ ဘာဖြစ်လို့ ကိုယ့်အပေါ်မကောင်းတဲ့သူကို ခဏတာစိတ်ဆင်းရဲခံပြီး စွန့်လွှတ်လိုက်ရမယ့်အစား တစ်ဘဝလုံး သူဆိုးသမျှ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဒဏ်တွေကိုရွေးချယ်ရမှာလဲ။ ဒါဟာ ပြဿနာကို ရှောင်လွှဲခြင်းဖြစ်ပါတယ်။ ဒါကြောင့် ခုရှုပ်မှနောင်ရှင်း၊ ပြဿနာကို ရှောင်နေမယ့်အစား ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး စွန့်လွှတ်သင့်တဲ့သူကို ဆက်ပြီး ဆုပ်ကိုင်မထားပါနဲ့တော့။ သင့်ပျော်ရွှင်မှုလောက် ဘယ်အရာကမှ အရေးမကြီးပါဘူး။

(၄) လွန်ခဲ့ပြီးပြီ
မိန်းကလေးတော်တော်များများက ချစ်သူနဲ့ အတူတူ အိပ်ပြီးရင် မဖြစ်မနေယူရမယ်၊ လမ်းခွဲလို့မရတော့ဘူးလို့ ထင်နေကြတာ တော်တော်မှားတဲ့အပြင် အန္တရာယ်ကြီးလွန်းတဲ့ အယူအဆပါ။ မလွန်ကျူးခဲ့ရင်တော့ အကောင်းဆုံးပဲပေါ့၊ ဒါပေမယ့် လွန်ကျူးခဲ့ပြီးရင်လည်း ဘဝတစ်ခုလုံးကို စတေးပစ်စရာမလိုပါဘူး။ လွန်ခဲ့ပြီးလို့ သင့်ကို အနိုင်ယူလာတယ်၊ တန်ဖိုးမထားတော့ဘူး၊ ကိုယ့်ကို လိင်ပိုင်းဆိုင်ရာအသုံးချရုံသက်သက်လို့ ခံစားနေရရင် ဘာဖြစ်လို့ဆက်ပြီး လက်တွဲနေသေးတာလဲ။ အဲလိုလူမျိုးကိုထားခဲ့ပြီး နောက်ထပ် အဲလိုအမှားမျိုးမကျူးလွန်မိအောင်နေဖို့ပဲ လိုတာပါ။ ဒါကြောင့် လွန်ခဲ့ပြီးပြီဆိုတဲ့အကြောင်းပြချက်နဲ့ တစ်သက်လုံးစိတ်ဆင်းရဲမယ့်အရာကို ရွေးချယ်ဖို့လောက်အထိ မိုက်ရူးရဲ မဆန်သင့်ပါဘူး။

(၅) မထူးတော့ပါဘူး
မိန်းကလေးတော်တော်များများက အမှားလုပ်ဖို့ သတ္တိတော့ရှိတယ်၊ အမှားပြင်ဖို့တော့ သတ္တိမရှိကြပါဘူး။ တစ်ခါမှားပြီးရင် မထူးတော့ပါဘူး၊ တစ်တက်စားလည်းကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်ဆိုပြီးတော့ မထူးဇာတ်တွေ ခင်းကြပါတော့တယ်။ အဲဒါက တော်တော့်ကိုမှားပြီး အန္တရာယ်ကြီးတဲ့ အယူအဆ၊ အတွေးအခေါ်ဖြစ်ပါတယ်။ လူဆိုတာ မမှားဖူးတဲ့သူမရှိပါဘူး။ မှားတာနဲ့ချက်ချင်းပြင်ပြီး ဘဝကို တစ်ကပြန်စရင် အချိန်မှီသေးတယ်၊ ဒါပေမယ့် မှားပြီးရင်းဆက်မှားနေမယ်၊ ကိုယ့်ကိုယ်ကို မထိန်းချုပ်ဘူးဆိုရင်တော့ တန်ဖိုးမဲ့တဲ့ လမ်းဘေးကမြက်ပင်တွေလိုပဲ သင့်ဘဝကြီးက စုတ်ပြတ်သတ်သွားနိုင်တာကြောင့် မထူးတော့ပါဘူးဆိုတဲ့ အတွေးအခေါ်ကိုပြောင်းလဲသင့်ပါတယ်။