အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်သည့် မြောက်ပိုင်း သုံးဖွဲ့လုပ်ရပ်ကို အကြမ်းဖက်မှုဟု အစိုးရသတ်မှတ်

အရပ်ဘက်ပစ် မှတ်များကို တိုက်ခိုက်ခဲ့သည့် တအာင်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့ (AA)နှင့် ကိုးကန့်အဖွဲ့ (MNDAA)တို့၏ လုပ်ရပ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကြီးမားစွာထိခိုက်စေသည့် အကြမ်းဖက်မှု ဖြစ်ကြောင်း သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြော ကြားသည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောကြား ခြင်းဖြစ်သည်။

‘‘မနေ့က ဖြစ်သွားတဲ့ ဖြစ်စဉ်ကိုကြည့်ရင် ဒါတွေက အကြမ်း ဖက်လုပ်ရပ်ဖြစ်ပါတယ်။ အရပ် ဘက် ပစ်မှတ်တိုက်ခိုက်တာတွေ၊ နောက်တစ်ခုက မူးယစ်ဆေးဝါး စစ်ဆေးတဲ့ ကိရိယာတွေ ပျက်စီး အောင် ရည်ရွယ်ချက်ရှိရှိ တိုက် ခိုက်တာတွေ ဒါတွေ မနေ့ကလည်း မီဒီယာတွေ၊ ဆိုရှယ်မီဒီ ယာတွေမှာ ပျံ့နှံ့နေတဲ့အတွက် အားလုံးသိပြီးဖြစ်ပါတယ်။ ဒီလုပ်ရပ်က နိုင်ငံတော်အစိုးရက ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို များစွာထိခိုက်စေပါတယ်’’ ဟု ၎င်းက ဆိုသည်။

ပြင်ဦးလွင်တိုးဂိတ်၌ရှိသည့် X-Ray စက်သည် နိုင်ငံတော်သမ္မတ၏ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား တားဆီးနှိမ်နင်းတိုက်ဖျက်ရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် တပ်ဆင်ထားခြင်းဖြစ်ကြောင်း၊ ယခုနှစ် မေလ ၈ ရက်က စတင် တပ်ဆင်ခြင်းဖြစ်ပြီး ယနေ့ အထိ ဘိန်းဖြူ ၄၄ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေး ပြား ၈ ဒသမ ၅ သန်း သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

‘‘ဒီ X-Ray စက်ကို၊ မူးယစ် ဆေးဝါးတွေ စစ်တဲ့စက်ကို ဘာလို့ လက်နက်ကြီးနဲ့ပစ်သလဲ။ ဒါတွေ လည်း သတင်းထောက်များ စဉ်း စားကြည့်ရင် သိနိုင်ပါတယ်။ တစ်ဖက်မှာလည်း နောင်ချိုမှာရှိတဲ့ မူးယစ်ရဲတပ်ဖွဲ့စခန်းတွေ ဝင် တိုက်သွားတာတွေလည်း ရှိပါတယ်။ ဆိုလိုတာက မူးယစ်ဆေး ဝါး တားဆီးကာကွယ်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက် နေတဲ့ အပိုင်းတွေကို ထိခိုက် ပျက်ပြားအောင်လုပ်တဲ့ သဘော လည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်’’ ဟု ဦးဇော်ဌေးက ပြောသည်။

ဂုတ်တွင်းတံတားထိခိုက် ပျက်စီးသွား၍ တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး သွားနေ သည့် ယာဉ်များပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း၊ ယာဉ်အစီးရေ ရာဂဏန်းမှ ထောင် ဂဏန်းအထိရှိကြောင်း ၎င်းကဆို သည်။

ပြင်ဦးလွင်နှင့် နောင်ချိုမြို့ နယ်အတွင်းရှိ နေရာငါးခုသို့ မြောက်ပိုင်းသုံးဖွဲ့က တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်မှ အရာရှိစစ်သည် ကိုးဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်သုံးဦး၊ အရပ်သားသုံးဦး သေဆုံးကြောင်း၊ တပ်မတော် သားတစ်ဦး၊ ရဲတပ်ဖွဲ့ဝင်နှစ်ဦး၊ အရပ်သား ၁၀ ဦး ဒဏ်ရာရရှိ ကြောင်း ဦးဇော်ဌေးက ရှင်းလင်း သည်။

ဆုံးရှုံးမှု အခြေအနေမှာ လည်း တပ်မတော်နည်းပညာ တက္ကသိုလ်နှင့် ဆုံးရှုံးသွားသည့် လက်နက်ခဲယမ်း တန်ဖိုးမပါ ကျပ်၂,၈၂၁ သိန်းရှိကြောင်း ၎င်းက ဆိုသည်။

သို့ရာတွင် မြောက်ပိုင်းသုံး ဖွဲ့ အပါအဝင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ လာရောက်နိုင် ရေး လမ်းဖွင့်ထားကြောင်း ဦးဇော်ဌေးက ရှင်းလင်းခဲ့သည်။

‘‘ဒီလိုမျိုး အကြမ်းဖက်လုပ် ရပ်တွေ လုပ်တာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကြီးကြီးမားမား ထိခိုက်စေတယ်။ အဲဒီတော့ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးကို တကယ်လိုလားတဲ့ ဆန္ဒပေါ့။နောက်တစ်ခုက ဒီလိုမျိုး ဆွေးနွေး ပွဲတွေ ကျင်းပစဉ်ကာလကို အ မြတ်ထုတ်ခြင်းမပြုဘဲနဲ့ စိတ်ရင်း စေတနာမှန်နဲ့ စားပွဲဝိုင်းမှာ မြန် မြန်ဆန်ဆန် ဆွေးနွေးတာက အကောင်းဆုံးဖြစ်မယ်။ ဒီဟာကိုလည်း သက်ဆိုင်တဲ့ ခေါင်းဆောင် တွေအားလုံးကိုလည်း ကျွန်တော်တို့အနေနဲ့ တိုက်တွန်းချင်ပါတယ်’’ဟု ဦးဇော်ဌေးက ပြောသည်။

ဆွေးနွေးပွဲများ အမြန်ဆုံး ပြုလုပ်နိုင်ရန် ဆက်သွယ်ရေးလမ်းကြောင်းများ၊ ငြိမ်းချမ်းရေး အကျိုး ဆောင်များမှတစ်ဆင့် ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

တစ်ဖက်တွင် မြောက်ပိုင်း သုံးဖွဲ့၏ တိုက်ခိုက်မှုကိစ္စနှင့် ပတ် သက်ပြီး တပ်မတော်ဘက်က မည်သို့ ဆောင်ရွက်မည်ဆိုသည့် အစီအမံကို သမ္မတရုံးသို့ တင်ပြထားကြောင်း၊ အသေးစိတ်ရှင်းလင်း ပြောကြားရန်မရှိကြောင်း ဦးဇော် ဌေးက ဆိုသည်။

တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ် မတော်အနေဖြင့် အရေးယူမှုများ ဆောင်ရွက်မည်ဟု သြဂုတ် ၁၅ ရက်က ပြောကြားထားသည်။

‘‘အဲဒီလို စီမံဆောင်ရွက်တဲ့ အချိန်မှာ ရာနှုန်းပြည့် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင် အာမခံချက်ဒါမျိုးကိုတော့ နိုင်ငံတိုင်း၊ နိုင်ငံ တိုင်းမှာ အာမခံပေးဖို့ခက်ပါမယ်။ သို့သော် အခုဖြစ်ခဲ့တဲ့ ဖြစ်စဉ် အပေါ်မှာ တပ်မတော်ကရော၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကရော၊ အုပ်ချုပ်ရေးပိုင်းကရော ဒီအားနည်းချက်တွေ ပြန်လည်သုံးသပ် ပြီးတော့ ဒါမျိုးနောက်တစ်ကြိမ် ထပ်မံဖြစ်ပွားလာခြင်းမရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမယ်ဆို တဲ့အကြောင်း ပြောချင်ပါတယ်’’ ဟု ဦးဇော်ဌေးက ဆက်လက်ရှင်း လင်းသည်။

နိုင်ငံတော်လုံခြုံရေးနှင့်ပတ် သက်ပြီး နိုင်ငံ့အကြီးအကဲ ခေါင်းဆောင်များအနေဖြင့် ပုံမှန်တွေ့ဆုံသည့် အစည်းအဝေးများရှိ ကြောင်း၊ ဝန်ကြီးဌာနများအကြား ဆွေးနွေးသည့် လုပ်ငန်းစဉ်များရှိသကဲ့သို့ လုံခြုံရေးအခြေအနေ ထူးခြားမှုအပေါ် မူတည်ပြီး ဆွေးနွေးသည့် အခြေအနေများရှိ ကြောင်း၊ အခြေအနေအပေါ် မူတည်ပြီး လုံခြုံရေးဆိုင်ရာ အစီအမံများ ညှိနှိုင်းကာ ညွှန်ကြားမှု များပေးကြောင်း ဦးဇော်ဌေးက လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှု လုပ်ငန်းစဉ်များကို ရှင်းပြသည်။

သမ္မတရုံး သတင်းစာရှင်း လင်းမှုနှင့် ပတ်သက်ပြီး တိုက်ခိုက်မှုဖြစ်စဉ်တွင် အဓိကပါဝင်ခဲ့သည့် တအာင်းအဖွဲ့ (TNLA) ပြောရေးဆိုခွင့်ရှိသူအချို့ထံ ဖုန်းဆက်သွယ်ရာ အဆက်အသွယ်မရပေ။ မြောက်ပိုင်းသုံးဖွဲ့အနေ ဖြင့် ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်အတွင်း တိုက်ခိုက်မှုများ ဆောင်ရွက်ရခြင်းမှာ တပ်မတော်၏ ထိုး စစ်ကို တုံ့ပြန်ခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်မှုမရှိကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော် က သြဂုတ် ၁၅ ရက် တိုက်ခိုက်မှုဖြစ်စဉ်အပြီးတွင် ပြောကြားထား သည်။

ခရက္ဒစ္-7day daily