ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လုယက်မှုကျူးလွန်သူ နှစ်ဦးကို ပြည်သူများ ဝိုင်းဖမ်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်နှင့် အမေရိကန်သံရုံးရှိရာ တက္ကသိုလ်ရိပ်သာလမ်းတွင် နေ့ခင်းကြောင်တောင် လုယက်မှု ကျူးလွန်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ခရီးသွားပြည်သူများက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လုယက်မှုကျူးလွန်သူနှစ်ဦးမှာ ကြည့်မြင်တိုင်တစ်ဖက်ကမ်း စက်ကလေးရပ်ကွက်တွင် နေထိုင်သူ ကျော်ရှိန်း (ခ) မီးခဲ (၂၈) နှစ်နှင့် လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ မသော်ဇင်ရိုင်းကို (ခ) မရှမ်းလေး (၂၃) နှစ်တို့ဖြစ်ပြီး သြဂုတ် ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲက ကမာရွတ်ဘူတာရုံလမ်းတွင် အငှားယာဉ်တစ်စီးကို ကျပ် ၈၀၀၀ ဖြင့် ငှား၍ ယုဇန ဥယျာဉ်မြို့တော်သို့ ပို့ဆောင်ခိုင်းခဲ့သည်။

အငှားယာဉ်မှာ အင်းယားမြိုင်လမ်းထိပ်အရောက်တွင် ယာဉ်နောက်ခန်း၌ လိုက်ပါလာသူ ကျော်ရှိန်း (ခ) မီးခဲက ယာဉ်မောင်းအမျိုးသားအား အပေါ့သွားလိုသဖြင့် လမ်းဘေးတွင် ယာဉ်ခဏရပ်ပေးရန် ပြောသောကြောင့် ယာဉ် ရပ်နားပေးခဲ့ပြီး ကျော်ရှိန်း (ခ) မီးခဲက လမ်းဘေးတွင် အပေါ့သွားခဲ့ပြီးနောက် ယာဉ်ပေါ်ပြန်တက်လာခဲ့သည်။

ယင်းနောက် အငှားယာဉ်မောင်း အမျိုးသားက ယာဉ်မောင်းနှင်ရန်ပြုစဉ် ယာဉ်နောက်ခန်းရှိ ကျော်ရှိန်း (ခ) မီးခဲက အနောက်မှ သိုင်းဖက်၍ ဓားဟုယူဆရသော အရာဝတ္ထုဖြင့် ယာဉ်မောင်းအမျိုးသား၏ လည်ပင်းကို ထောက်ကာ ငွေနှင့်ပစ္စည်းများ ထုတ်ပေးရန် ပြောဆိုသောကြောင့် ယာဉ်မောင်းက ယာဉ်ကို တစ်လှိမ့်ချင်း မောင်းနှင်လာခဲ့ပြီး မြဝတီစက်သုံးဆီဆိုင်အနီးအရောက်တွင် လူများကို တွေ့ရှိသဖြင့် ရုတ်တရက် ယာဉ်ပေါ်မှ ခုန်ဆင်းကာ ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခဲ့သည်။

အငှားယာဉ်အနီးသို့ လူများရောက်ရှိလာသဖြင့် ယာဉ်ပေါ်ပါ ကျော်ရှိန်း (ခ) မီးခဲ နှင့် မသော်ဇင်ရိုင်းကို (ခ) ရှမ်းလေးတို့ နှစ်ဦးက ယာဉ်ပေါ်မှဆင်းပြီး ထွက်ပြေးစဉ် ခရီးသွားပြည်သူများက ၎င်းတို့နှစ်ဦးကို ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ပြီး တက္ကသိုလ်ရိပ်သာလမ်းတွင် နေ့ခင်းကြောင်တောင် လုယက်မှု ကျူးလွန်ရန် ကြံစည်သူနှစ်ဦးကို ဗဟန်းမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၉၃ (လုယက်မှုကို ကျူးလွန်ရန် အားထုတ်မှု) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

Source: The Voice