နေ့လည်ခင်း အချိန်အကြာကြီးအိပ်ခြင်းဟာ အယ်လ်ဇိုင်းမားနဲ့ ဆက်စပ်နေကြောင်းဆို

သုတေသနသစ်တစ်ခုမှာ ဆိုထားတာက နေ့လည်ခင်း အချိန်အကြာကြီး အိပ်စက်ခြင်းဟာ အယ်လ်ဇိုင်းမားဝေဒနာနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ လူတွေဟာ အာရုံကြောပိုင်းဆိုင်ရာမှာ ပြဿနာဖြစ်လာတဲ့အခါ လူကို နိုးကြားနေအောင် အကူအညီပေးတဲ့ ဦးနှောက်ဆဲလ်တွေမှာလည်း ပြဿနာရှိလာပါတယ်။ ဒါကြောင့် ရလဒ်အနေနဲ့ နေ့လည်ခင်းအချိန်တွေမှာ အရမ်းအိပ်ချင်လာတာတွေ ဖြစ်ပေါ်လာတာပါ။

အယ်လ်ဇိုင်းမားဟာ tau လို့အမည်ပေးထားတဲ့ အဆိပ်ပရိုတင်းအုပ်စုတွေဟာ ပြန့်ပွားလာပြီး ဦးနှောက်ဆဲလ်တွေကို ဖျက်ဆီးလိုက်တာကြောင့် ဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါဟာ ဆေးရုံဆေးခန်းသွားရလောက်တဲ့အထိ ရောဂါလက္ခဏာမပြခင် အနှစ်(၂၀) လောက်ကတည်းက သန္ဓေတည်လာနိုင်ပါတယ်။

အမေရိကန်မှ သုတေသနအဖွဲ့ကတော့ tau တွေ သိသိသာသာများလာတာနဲ့ အမျှ ဦးနှောက်ကို နိုးကြားအောင်လုပ်ဆောင်ပေးတဲ့ အာရုံကြောနေရာ (၇၅) ရာခိုင်နှုန်းလောက်ဟာ အလုပ်မလုပ်တော့ဘူးလို့ ဆိုပါတယ်။ ဒီဖြစ်စဉ်ဟာ ဦးနှောက်နျူကလိယက်ဆဲလ်တစ်ခုကိုတင် ထိခိုက်စေတာမဟုတ်ပဲ ဦးနှောက်တွင်း ကွန်ယက်ကြီးတစ်ခုလုံးကိုပါ ထိခိုက်ပျက်စီးသွားစေတာ ဖြစ်ပါတယ်။

Grinberg ရဲ့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်မှာလည်း အယ်လ်ဇိုင်းမားရောဂါနဲ့ သေဆုံးခဲ့တဲ့ ဝေဒနာရှင်တွေရဲ့ ဦးနှောက်ထဲမှာ အဆိပ်ပရိုတိန်း tau တွေ အများကြီးဖွဲ့စည်းဖြစ်ပေါ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ဘာသာစကားပြောဆိုခြင်းမှာ အခက်အခဲရှိသူတွေနဲ့ အမြင်အာရုံပိုင်းဆိုင်ရာမှာ ပြဿနာရှိသူတွေဟာလည်း tau စုဆောင်းမှုတွေ များပြားနိုင်ကြောင်း သိရပါတယ်။

ဒါ့အပြင် ညဘက် အိပ်ရေးမဝတဲ့အခါ နေ့လည်ခင်းမှာ အချိန်အကြာကြီး အိပ်စက်ခြင်းဟာလည်း အယ်လ်ဇိုင်းမားဝေဒနာရဲ့ ရှေ့ပြေးလက္ခဏာရပ်ပဲ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ အယ်လ်ဇိုင်းမားဖြစ်ပွားရခြင်း ရှေ့ပြေးလက္ခဏာတွေထဲမှာ စိတ်လှုပ်ရှားပူပန်မှုနဲ့ စိတ်ဓာတ်ကျဆင်းခြင်းတို့အပြင် ပုံစံမမှန်တဲ့ အိပ်စက်ပုံတို့လည်း ပါဝင်ကြောင်း dailymail အရ သိခဲ့ရတာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)