မြန်မာရဲတပ်ဖွဲ့ကို အေအေလက်နက်ကိုင်အဖွဲ့ ထပ်မံသတိပေး

ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တချို့ကို ရဲလုပ်ထုံးလုပ်နည်း ရဲကျင့်ဝတ်ကျော်လွန်ပြီး လုပ်ရပ်တွေကိုမပြုလုပ်ကြဖို့ ရက္ခိုင့်တပ်တော် အေအေက သြဂုတ် ၁၂ ရက်စွဲနဲ့ သတိပေးစာတစ်စောင်ထုတ်ပြန်လိုက်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ရဲလုပ်ထုံးကို ကျော်လွန်ပြီးရခိုင်ဒေသခံတွေကို ဖမ်းဆီး နှိပ်စက်နေ တာ၊ ရဲစခန်းတွေဟာ တပ်မတော်ရဲ့ ထောက်ပို့စခန်းတွေနဲ့ လက်နက်ကြီးပစ်ကူပေးတဲ့ စခန်းတွေ ဖြစ်နေတာ၊ နောက်ပြီးတော့နယ်ခြာစောင့်စခန်းတွေအနေနဲ့ တပ်မတော်ရဲ့စစ်ဆင်ရေးတွေ မှာ ပါဝင်တိုက်ခိုက်နေတာကြောင့် အခုလိုသတိပေးရတာလို့ အေအေ တာဝန်ရှိသူတွေက ပြောပါတယ်။

အေအေလက်နက်ကိုင်အဖွဲ့

အေအေပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “ရဲတွေကနေပြီးတော့ ရဲအလုပ်ကို ရဲမလုပ်ပဲနဲ့ ဗမာစစ်တပ်နဲ့အတူ ပြည်သူတွေကို ဖိနှိပ်တဲ့ဥစ္စာ တွေ၊ ပြည်သူတွေကို အနိုင်ကျင့်သတ်ဖြတ် အဲဒီလို ဥပဒေမဲ့လုပ်ရပ်တွေကို အတူတူပူးပေါင်းပြီးတော့ ကျူးလွန်ခဲ့တဲ့ဥစ္စာတွေကို တွေ့ရ တယ်။ နောက်တခုရှိတာက ခုနောက်ပိုင်းမှာ ရဲစခန်းတွေဟာ ဗမာစစ်တပ်ရဲ့ စစ်ဆင်းရေးတွေမှာ အဓိကထောက်ပို့စခန်းတွေ၊ နောက်ပြီးတော့ လက်နက်ကြီး ပစ်ကူပေးတဲ့စခန်းတွေ အဲဒါမျိုးတွေ ဖြစ်နေတယ်။ တဖက်မှာလည်းပဲ နယ်ခြားစောင့်ရဲတွေဟာဗမာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ ဗမာစစ်တပ်နဲ့အတူတူပူး ပေါင်းပြီးပါဝင်တိုက်ခိုက်နေကြတာတွေရှိတယ်။ ဆိုတော့ ဒါတွေကို ရပ်တန်းကရပ်ဖို့အတွက် နောက်ပြီးတော့ရဲအလုပ်ကို ရဲလုပ်ဖို့အတွက် သတိပေးချက်ထုတ်ပြန်ရတာ ဖြစ်တယ်”လို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော်အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ရဲတပ်ဖွဲ့တွေကို အလားတူ တစ်ကြိမ်သတိပေးခဲ့ဖူးပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီး ကြည်လင်း ကတော့ ဥပဒေနဲ့အညီ နိုင်ငံတော်ကပေးတဲ့တာဝန် အတိုင်း ဆက်လုပ်သွားမယ်လို့ဆိုပါတယ်။

“သူတို့ဘာသာသူတို့လုပ်ချင်ရာလုပ်ပေါ့ဗျာနော်။ ဘာမှမဖြစ်ပါဘူး။ ကျနော်တို့ကတော့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ နိုင်ငံတော်က ပေးတဲ့တာဝန်အတိုင်းပဲ ဆက်လုပ်သွားမှာပဲ။”

အေအေရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရခိုင်ဒေသခံရဲတွေအနေနဲ့လည်း ရက္ခိုင့်တပ် တော်ရဲ့တော်လှန်ရေးကာလမှာ အမျိုးသား အကျိုးစီးပွားကို ထိခိုက်မယ့် အပြောအဆိုအပြုအမှုတွေကို မလုပ်ဆောင်ကြဖို့လိုကြောင်းနဲ့ လုပ်ဆောင်လာပါကာ ကာယကံရှင်ရဲ့ တာဝန်သာဖြစ်ကြောင်း ဖော်ပြထားပါသေးတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်ဟာ တပ်အပြောင်းအရွှေ့တွေ၊ လက်နက်ခဲယမ်းအပြောင်းအရွှေ့ တွေမှာ စစ်ကားတွေကို အသုံးမပြုဘဲ ရဲကား ၊ ပြည်သူပိုင်ကား၊ တရုတ်နိုင်ငံက ပေးထားတဲ့ China Aid ကားတွေကို အသုံးပြုနေပြီး စစ်သားတွေဟာ ရဲယူနီဖောင်းဝတ်ဆင်ကာ ကျေးရွာတွေမှာ ပိတ်ဆို့ ဖမ်းဆီးတာတွေနဲ့ စားနပ်ရိက္ခာတွေကို သိမ်းယူတာတွေလုပ်ဆောင် နေတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ယခုသတင်းအား DVB Multimedia Group မှဝယ်ယူပြီး တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။