“ဆီးရီးယားမှ တူရကီစစ်ဆင်ရေးများတွင် အမေရိကန် ဝင်မပါတော့”ဟု ဆို

Loading...

ဆီးရီးယား အရှေ့မြောက်ဘက်မှ တူရကီတို့၏ စစ်ဆင်ရေးများတွင် အမေရိကန်တို့ ဘေးထွက်နေတော့ မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်လိုက်ရာ ၎င်းဒေသရှိ အမေရိကန် မဟာမိတ် ကာ့ဒ်တပ်ဖွဲ့များ၏ ကံကြမ္မာသည် မရေမရာဖြစ်လာကြောင်း သိရှိရသည်။

ဆီးရီးယားကာ့ဒ်တို့သည် အမေရိကန်မဟာမိတ်အဖြစ် အထောက်အပံ့များ ရယူပြီး ဆီးရီးယားရှိ အိုင်အက်စ်တို့ကို တိုက်ခိုက်ခဲ့သည်။တူရကီသည် ကာ့ဒ်တို့ကို တိုက်ခိုက်လိုသော်လည်း အမေရိကန်တပ်များ ခံနေသဖြင့် တိုက်ခိုက်ရန် မဖြစ်နိုင်ခဲ့။

သို့သော် အမေရိကန်တပ်များသည် ဆီးရီးယားမြောက်ပိုင်း စစ်ဆင်ရေးများတွင် ပါဝင်တော့မည်မဟုတ်ကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၆ ရက်နှောင်းပိုင်းတွင် ပုံမှန်မဟုတ်သည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

Loading...

ပြည်တွင်းမှ ကာ့ဒ်သူပုန်များ၏ အဆက်အနွယ်အဖြစ် ဆီးရီးယားကာ့ဒ်တို့ကိုမလိုလားသည့် တူရကီသမ္မတ ရီးဆက် တေးရစ်အာဒိုဂမ်သည် တူရကီနှင့် ဆီးရီးယားနယ်စပ်တစ်လျှောက် ကာ့ဒ်တို့ကိုမောင်းထုတ်ရန် စစ်ဆင်ရေးဆင်နွှဲမည် ဖြစ်ကြောင်း လပေါင်းများစွာကပင် ခြိမ်းခြောက်ထားသည်။

သမ္မတထရမ့်နှင့် သမ္မတအာဒိုဂမ်တို့ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ပြီးနောက် ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး အိုင်အက်စ်တို့အား အတူလက်တွဲတိုက်ခိုက်ခဲ့သည့် ကာ့ဒ်တို့အရေး ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပေ။ဆီးရီးယားမြောက်ပိုင်းရှိ အမေရိကန်တပ်အင်အား ၁၀ဝ၀ ခန့်ကို ဒေသတွင်းမှ ဆွဲထုတ်တော့မည်ဖြစ်ကြောင်း အမေရိကန်အရာရှိများလည်း ပြောဆိုခဲ့သည်။ ကာ့ဒ်တို့အား တူရကီတို့က တပ်လုံးပြုတ်အောင် တိုက်ခိုက်လိုခြင်းအား ခွင့်ပြုလိုက်ပါက ကမ္ဘာတစ်ဝန်းရှိ အမေရိကန်မဟာမိတ်များထံ သတင်းဆိုးပေးပို့ရာရောက်မည်ကို အမေရိကန်လွှတ်တော်ရှိ ပါတီနှစ်ရပ်လုံးမှ အမတ်များက စိုးရိမ်ကြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာကလည်း ဆီးရီးယားမှတပ်ရုပ်ရန် ထရမ့်ကကြေညာခဲ့ပြီးနောက် ဝေဖန်ပြစ်တင်မှုများနှင့်အတူ ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်နုတ်ထွက်သွားခဲ့သည်။ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်လည်း ကာ့ဒ်တို့ကို ကာကွယ်ပေးရန် ကြိုးပမ်းခဲ့သည်။ ယခုအခါ ဂျွန်ဘိုလ်တန်ကိုလည်း ထရမ့်က ရာထူးမှဖယ်ရှားခဲ့ပြီးဖြစ်သည်။

IS တို့သည် အီရတ်တွင် ပြိုကွဲသွားပြီး ဆီးရီးယား၌လည်း မတ်လအတွင်းက ၎င်းတို့နောက်ဆုံး ပိုင်နက် ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။ သို့သော် အိုင်အက်စ်သစ္စာခံဆဲလ်များသည် အီရတ်နှင့် ဆီးရီးယားတွင် ဆက်လက်တိုက်ခိုက်နေကြဆဲဖြစ်သည်။

Loading...